မိုးညှင်း ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း) ရပ်ကွက်ရှိ မြတ်သုခဆီစက်လုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ ဆက်စပ်ဌာနများဖြစ်ကြသည့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ် (မိုးညှင်းဘဏ်ခွဲ) တို့မှ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း) ရပ်ကွက်ရှိ မြတ်သုခဆီစက်လုပ်ငန်းအား စစ်ဆေးကြရာ ဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေက အဆိုပါလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆီသိုလှောင်ထားရှိမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့သည်။
ထို့နောက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ဆီစက်လုပ်ငန်းရှင်အား အဆိုပါလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ၎င်းဆီစက်လုပ်ငန်းရှင်အား လုပ်ငန်းများ ယခုထက်ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ လုပ်ငန်းလုပ်ထုံးလုပ်နည်းများနှင့်အတူ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း