မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်၌ မဲပေးစက်သရုပ်ပြပွဲ အခမ်းအနားကျင်းပ

‎‎‎မဟာအောင်မြေ ဒီဇင်ဘာ ၂၆

‎‎မဟာအောင်မြေမြို့နယ်၊ သံလျှက်‌မှော် အနောက်ရပ်ကွက်၊ လိုရာပြည့်စုံရန်မျိုးလုံ ပေါ်တော်မူဘုရား (၅) ဆူဝန်းအတွင်း၌ မဲပေးစက်သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

‎‎ဦးစွာ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက မဲပေးစက်သရုပ်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မဟာအောင်မြေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသက်နိုင်က မဲရုံအတွင်း မဲရုံအဖွဲ့ဝင်များမှ ရေးသွင်းရမည့် ပုံစံများကိုလည်း‌ကောင်း၊ မဟာအောင်မြေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်က ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

‎‎‎ထို့နောက် တက်ရောက်လာကြသူများအနက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများမှ လက်တွေ့မဲပေးစက်ဖြင့် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသူများကလည်း သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။

‎‎‎အောင်ဇော်မင်း