ဇမ္ဗူသီရိ ဒီဇင်ဘာ ၂၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ အဖွဲ့ဝင် ဦးမျိုးလှိုင်တို့သည် ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ ပျဉ်းမနားခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတိုးလွင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား မဲဆန္ဒရှင်များ မဲပေးနိုင်ရန်နှင့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်ကြည့်ရှုလေ့လာနိုင်ရန်အတွက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၄၀) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်လွင်၊ ဇမ္ဗူသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မေမဥ္ဇူ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်နှင့်တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နီလာ(ပြန်/ဆက်)