မော်လမြိုင် ဒီဇင်ဘာ ၂၆
မော်လမြိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိရွေးကောက်ပွဲ ကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ခဲ့ကြသည်။
အသိပေးနှိုးဆော်ရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက်ပြင်ဆင် ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို ဒီဇင်ဘာ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် လည်းကောင်း၊ ဒီဇင်ဘာ (၂၆)ရက်နေ့မှစ၍ ရွေးကောက်ပွဲ ကျင်းပမည့်ဒီဇင်ဘာ (၂၈)ရက်နေ့ မဲပေးခြင်းပြီးစီးသည့် အချိန်ထိသက်ဆိုင်ရာမဲရုံများတွင်လည်းကောင်း၊ ကပ်ထားကြေညာမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မည့်နေ့တွင် မဲရုံသို့သွားရောက် မဲမပေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ အနာကြီးရောဂါစွဲကပ်နေသူများ၊ သားဖွားနေသူများ အနေဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ပုံစံ-၁၃ ဖြင့်လျှောက်ထားနိုင်ပြီး ဒီဇင်ဘာ (၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းနှင့် ကြေညာထားသော မဲစာရင်းများရှိ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားပြီး ဒီဇင်ဘာ (၂၈)ရက်နေ့တွင် နံနက်(၆)နာရီမှ ညနေ (၄)နာရီအထိ သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်ဆန္ဒမဲပေးကြရန် အသိပေးနှိုးဆော်ပါကြောင်း တို့ကို အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ တာဝန်ရှိသူတို့မှ လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)