ကျိုက်ထို ဒီဇင်ဘာ ၂၆
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ ဒီဇင်ဘာ(၂၄)ရက် မွန်းလွဲပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပေးနှိုးဆော်ချက်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ပြင်ဆင် ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို ဒီဇင်ဘာ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများတွင်လည်းကောင်း၊ ဒီဇင်ဘာ (၂၆)ရက်နေ့မှစ၍ ရွေးကောက်ပွဲ ကျင်းပမည့် ဒီဇင်ဘာ (၂၈)ရက်နေ့ မဲပေးခြင်းပြီးစီးသည့်အချိန်ထိသက်ဆိုင်ရာမဲရုံများတွင်လည်းကောင်း၊ ကပ်ထားကြေညာမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မည့်နေ့တွင် မဲရုံသို့သွားရောက် မဲမပေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ အနာကြီးရောဂါ စွဲကပ်နေသူများ၊ သားဖွားနေသူများအနေဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ပုံစံ-၁၃ ဖြင့် လျှောက်ထားနိုင်ပြီး ဒီဇင်ဘာ (၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းနှင့် ကြေညာထားသော မဲစာရင်းများရှိ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားပြီး ဒီဇင်ဘာ (၂၈)ရက်နေ့တွင် နံနက်(၆)နာရီမှ ညနေ (၄)နာရီအထိ သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်ဆန္ဒမဲပေးကြရန် အသိပေးနှိုးဆော်ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)