သထုံ ဒီဇင်ဘာ ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ခဲ့ကြသည်။
အသိပေးနှိုးဆော်ရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ပြင်ဆင် ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို ဒီဇင်ဘာ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲများတွင်လည်းကောင်း၊ ဒီဇင်ဘာ (၂၆)ရက်နေ့မှစ၍ ရွေးကောက်ပွဲ ကျင်းပမည့်ဒီဇင်ဘာ (၂၈)ရက်နေ့မဲပေးခြင်းပြီးစီးသည့်အချိန်ထိ သက်ဆိုင်ရာမဲရုံများတွင်လည်းကောင်း၊ ကပ်ထားကြေညာမှာဖြစ်ကြောင်း၊ ရွေး ကောက်ပွဲပြုလုပ်မည့်နေ့တွင် မဲရုံသို့ သွားရောက် မဲမပေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ အနာကြီးရောဂါစွဲကပ်နေသူများ၊ သားဖွားနေသူ များအနေဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ပုံစံ-၁၃ ဖြင့် လျှောက်ထားနိုင်ပြီး ဒီဇင်ဘာ (၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းနှင့် ကြေညာထားသော မဲစာရင်းများရှိ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားပြီး ဒီဇင်ဘာ (၂၈)ရက်နေ့တွင် နံနက်(၆)နာရီမှ ညနေ (၄)နာရီအထိ သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်ဆန္ဒမဲပေးကြရန် အသိပေးနှိုးဆော်ပါကြောင်းတို့ကို အသံချဲ့စက်ဖြင့်မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ တာဝန်ရှိသူတို့မှ လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)