မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး/အမျိုးသား ဘောလီဘောဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးညှင်း ဒီဇင်ဘာ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ယခုပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသမီး၊ အမျိုးသား ဘောလီဘောဗိုလ်လုပွဲစဉ်များနှင့် ဆုများချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့က တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘာသာရပ်ပေါင်းစုံ အမျိုးသမီး ဘောလီဘောဗိုလ်လုပွဲစဉ်တွင် ပထဝီဝင်အသင်းနှင့် ညွှန့်ပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ညွှန့်ပေါင်းအသင်းကလည်းကောင်း၊ အမျိုးသားဘောလီဘော ဗိုလ်လုပွဲစဉ်တွင် ရူပဗေဒအသင်းနှင့် ညွှန့်ပေါင်း(ဂ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ညွှန့်ပေါင်း(ဂ)အသင်းကလည်းကောင်း၊ အသီးသီးဗိုလ်စွဲသွားခဲ့ကြပြီး အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာလ (၂၂)ရက်မှစတင်ကာ အသင်းများ ပတ်လည်ကစားခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသူ၊ ကျောင်းသားများအား သင်ကြားရေးဖြစ်သည့် ပညာရေးသာမက လေ့ကျင့်ရေးဖြစ်သည့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားကာ အမျိုးသမီး၊ အမျိုးသားဘောလီဘောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယများရရှိကြသည့် အသင်းများကို ဆုဆွဲပြားနှင့်အတူ ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ အသင်း၏ နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများနှင့် တံခွန်စိုက်ဒိုင်း ဆုဖလားကြီးများကိုလည်းကောင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်နှင့် ပါမောက္ခ(ဌာနမှူး)တို့က ဆုများကို အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 

ရွှေမိုးညှင်း