ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေနယ်မြေသို့ ပြည်တွင်းခရီးသွားဧည့် နှစ်သိန်းကျော်ဝင်ရောက်

ညောင်ဦး ဒီဇင်ဘာ ၂၆

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကဝင်ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများသို့ ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိပြီး ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များအတွင်း ခရီးသွားဘုရားဖူး နှစ်သိန်းကျော်ဝဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ရှိသူများထံက သိရသည်။

ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးရှေး ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်းဘုရားဖူးခရီးသွားဧည့်သည်များ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအဆောက်အအုံတည်ဆောက်ထားမှု ဗိသုကာလက်ရာ လေ့လာလိုသူ ကျောင်းသား၊ ကျောင်းသူများ၊ ဘုရားဖူးရင်းဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကူးလိုသူများ၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် E-Bike ငှားရမ်း၍ ရှေးဟောင်းဘုရားများ လှည့်လည်ဖူးမြော်ကြသူများဖြင့် နေရာတိုင်းတွင် စည်ကားနေကြောင်း သိရသည်။ ခရီးသွားဧည့်သည်ဝင်ရောက်လာမှုများပြားခြင်းနှင့်အတူ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)၊ လိုင်စင်ရှိ ဟိုတယ်၊ မိုတယ် ၉၅ လုံး၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ လိုင်စင်ရှိတည်းခိုရပ်သာ (၃၃) လုံးတို့တွင် ခရီးသွားဧည့်သည်များ ပြည့်နေကာ၊ နေ့ခြင်းပြန်ခရီးသွားများလည်း များပြားနေကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ခရီးသွားဘုရားဖူးများပြားခြင်းနှင့်အတူ မြင်းလှည်းအငှားလိုက်သူများ၊ E-Bike ငှားရမ်းသူများ၊ ပြည်တွင်း ဧည့်လမ်းညွှန်များ၊ ဧည့်ကားအငှားလိုက်သူများ၊ လက်အလှပန်းချီရေးဆွဲသူများ စားသောက်ဆိုင်များ ခရီးသွားဧည့်သည်များပြားခြင်းနှင့်အတူ အလုပ်အကိုင်များ အဆင်ပြေနေကြကြောင်း သိရသည်။    

ဒီပါလင်း