မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာ ကျိုက်ဒိုးတောရကျောင်းတိုက်၏ (၁၂၅) နှစ်ပြည့် အထိမ်းအမှတ်နှင့် (၈၄) ကြိမ်မြောက် ဓမ္မဝိနယစာတော်ပြန်ပွဲ အခမ်းအနားသို့ တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၂၅

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာ ကျိုက်ဒိုးတောရကျောင်းတိုက်၏ (၁၂၅) နှစ်ပြည့်အထိမ်းအမှတ်နှင့် (၈၄) ကြိမ်မြောက် ဓမ္မဝိနယစာတော်ပြန်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်လမ်းကျေးရွာ ကျိုက်ဒိုးတောရကျောင်းတိုက် ထေရာသနကျောင်းဆောင်၌ ကျင်းပပြုလုပ်ရာ ဦးစွာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိသတ်တို့က အခမ်းအနားကိုနမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ရွှေကျင်နိကာယ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သက္ကယ်တောင်ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဉာဏ်ဏဓဇထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဓမ္မဝိနယစာတော်ပြန်ပွဲအတွက် အလှူငွေနှင့် လူဖွယ်ဝတ္တုပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြွရောက်ချီးမြှောက်ကြကုန်သော သာသာနာ့ဝန်ဆောင် ဆရာတော်ကြီးများမှ ရွတ်ပွားသရဇ္ဈယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာ ကျိုက်ဒိုးတောရကျောင်းတိုက်တော်ကြီး၏ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဥူးဇာနေယျထံ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး(၈၄) ကြိမ်မြောက် ဓမ္မဝိနယစာတော်ပြန်ပွဲ အခမ်းအနားကျင်းပမည့် ကျောင်းတိုက်တော်ကြီးအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ကုသိုလ်ယူဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)