ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း သမိုင်းချောင်းနှင့် သီရိမင်္ဂလာဈေးတို့တွင် ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အင်းစိန် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့ညနေပိုင်းက သမိုင်းချောင်းနှင့် သီရိမင်္ဂလာဈေးတို့တွင် ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးရှိ သမိုင်းချောင်းတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် စက်ယန္တရားဖြင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ချောင်းဘေးတွင် သန့်ရှင်းသပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊  လျှပ်စစ်မီးကြိုးများ စနစ်တကျဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ (၄)ရပ်ကွက်၊ သီရိ မင်္ဂလာဈေးရှိ ဈေးရုံများတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထွက်မြောင်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ထားရှိမှုများ၊ ပျက်စီးနေသည့် အမိုးများ ပြန်လည်ပြုပြင် ဆောင်ရွက်ထားရှိမှုနှင့် အမိုးများအား ဆေးသုတ်နေမှုအခြေအနေများ၊ လှိုင်မြစ်ကမ်းနံဘေး၌ ကုန်စိမ်းများလာရောက်ပို့ဆောင်သည့်နေရာ ပတ်ဝန်းကျင်တွင် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှု၊ ဈေးဆိုင်ခန်းများ၌ ဈေးရောင်းချနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက  လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်၊ အမှိုက်များအား ဈေးရောင်းချသူများကပါ စနစ်တကျ စွန့်ပစ်နိုင်ရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အချိန်တိုအတွင်း ပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားကာ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)