ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်အကြောင်းသိကောင်းစရာပြပွဲ -၂ဝ၂၅ ကျင်းပ

ဗဟန်း  ဒီဇင်ဘာ ၂

ဆန်အကြောင်းသိကောင်းစရာပြပွဲ - ၂ဝ၂၅ (ရန်ကုန်တိုင်းဒေသကြီး)Yangon Rice howcase-2025 ပြပွဲကို ဒီဇင်ဘာ ၂၄ ရက်က Melia Hotel (Grand Ballroom)၌ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌက ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊လူငယ်စွန့်ဦးတီထွင်အသင်းတို့မှတာဝန်ရှိသူများ၊ ဝါတန်းနှင့်ဘုရင့်နောင်ကုန်စည်ဒိုင်များ၊ ဆန်ကုမ္ပဏီများ၊ ဆန်လုပ်ငန်းရှင်များ၊ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ Jindallae Orchestra မှအဖွင့်ဂုဏ်ပြုတေးသီချင်းဖြင့်ဖျော်ဖြေတင်ဆက်ပြီး၊မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကဆန်အကြောင်း သိကောင်းစရာပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က စားသုံးသူပညာပေးလုပ်ငန်းစဉ်များနှင့်ဌာန၏ လုပ်ငန်းစဉ်များအပေါ်ရှင်းလင်းတင်ပြဆွေးနွေးပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှအတွင်းရေးမှူး ဦးသောင်းထိုက်စိုးက ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် ဆန်အကြောင်းသိကောင်းစရာ စကားဝိုင်းကိုဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး အမျိုးသမီးများ၊ အိမ်ရှင်မများ၏ ဆန်အကြောင်း သိကောင်းစရာ ရေးဖြေပြိုင်ပွဲ၊ ဆန်အကြောင်း သိကောင်းစရာ နှုတ်ဖြေယှဉ်ပြိုင်ပွဲများကိုကျင်းပခဲ့ပြီးဆုရရှိသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်း၊ ပြခန်းများအားလိုက်လံကြည့်ရူခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။

ဆန်အကြောင်းသိကောင်းစရာပြပွဲ-၂ဝ၂၅ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ စားသုံးသူပညာပေးလုပ်ငန်းအဖြစ် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်းနှင့်မြန်မာနိုင်ငံတွင် စိုက်ပျိုးပြီး နိုင်ငံအနှံ့တည်ရှိနေသော ဆန်စက်များတွင် ကြိတ်ခွဲထုတ်လုပ်သန့်စင်ထုပ်ပိုးထားသော ဆန်အမျိုးအစားများအကြောင်း၊ အထူးသဖြင့် ၄င်းဆန်များ၏ စားသုံးမှုအရည်အသွေး (Eating Quality)၊ ဈေးနှုန်းနှင့်အာဟာရတန်ဖိုးများအကြောင်းကိုလည်းကောင်း၊ Cooking  Method (ချက်နည်းများ)ကြောင့် အရည်အသွေး၊ အရသာပြောင်းလဲမှုအပေါ် သိရှိနားလည် စေရန် အတွက်လည်းကောင်း ဆန်အကြောင်းသိကောင်းစရာများကို စနစ်တကျပြုစု ဖြန့်ဝေပညာပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)