ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ မှော်ဘီမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် မြို့နယ်များတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ ကြိုတင်မဲပေးနေမှုနှင့် မဲရုံပြင်ဆင်

ရန်ကုန် ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတိယ အကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများလာရောက် ကြည့်ရှုမှုနှင့် ကြိုတင်မဲပေးနေမှု၊ မဲရုံ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ တောင်သူ ဒေါ်အေးအေးပိုင်၏လယ်တွင် ဆောင်းသီးနှံ(နေကြာ) စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှု၊ အပင်များအား အပင်အားဆေး ပက်ဖျန်းနေမှုများ၊ ပေါင်းရှင်းမြေဆွခြင်းနှင့် သဘာဝဓာတ်မြေဩဇာများကျွေးခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေအားလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(တာခွ)တွင် မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲ မဲပေးခြင်း ဆိုင်ရာ အသိပညာပေး ဆောင်ရွက်နေမှုနှင့် မဲရုံခင်းကျင်းပြင်ဆင်ထားရှိမှု အခြေအနေအား လည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်  တတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှုနှင့် ကြိုတင်မဲပေးနေမှု အခြေအနေအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပြည်သူများအား လက်ဝယ်အရောက် “ဒို့အတူမဲပေးကြမယ်” လက်ကမ်း စာစောင်များကို ဖြန့်ဝေ ခဲ့ကြောင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများ ကြည့်ရှုစေရေး၊ မဲစာရင်း အမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိစေရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန်စသည်တို့ကို  မှာကြားသည်။

အဆိုပါ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ ကပ်ထားကြေညာမည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများအား ပြည်သူများ လာရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)