တပ်ကုန်း ဒီဇင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆန်စပါး၊ ပဲမျိုးစုံ၊ ပွဲစားကုန်သည် စက်ပိုင်များကုန်စည်ဒိုင်ရုံးဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ရက် နံနက်ပိုင်းက အဆိုပါကုန်စည် ဒိုင်ရုံးရှေ့၌ ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရင်းနှီး မြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ယဉ်ယဉ်နွယ်၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းထွန်း၊ ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ မြို့နယ်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုးဝင်းထွန်းတို့က မြို့နယ် ကုန်စည်ဒိုင်ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် ကုန်စည်ဒိုင်ရုံးဖွင့်ပွဲတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းထွန်းက ဆန်စပါး၊ ပဲမျိုးစုံ၊ ပွဲစားကုန်သည်စက်ပိုင်များ ကုန်စည်ဒိုင်အဖွဲ့၏ စည်းမျဉ်း စည်းကမ်းများ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ နေပြည်တော်ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ယဉ်ယဉ်နွယ်က ကုမ္ပဏီများမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ မြို့နယ်ကုန်စည်ဒိုင်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းထွန်းက ကုန်စည်ဒိုင် အသင်းဖြစ်ပေါ်လာပုံနှင့်ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသူများက စပါး၊ ပဲအမျိုးမျိုးတို့၏ အလေးချိန်နှင့်တောင်သူများထံမှ ဝယ်ယူသည့်ဈေးနှုန်းနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ယင်းနောက် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပခဲ့သည့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိသောလုပ်ငန်းရှင်များအား ဆုချီးမြှင့်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများက ဆုရရှိသည့် စားသောက်ကုန်လုပ်ငန်းရှင် ဦးတင်ထွန်းအောင် (ရွှေဟိန်းဆန်စက်လုပ်ငန်း)၊ ဒေါ်နုနုအေး(NNN ပဲကြော်/ပဲလှော်လုပ်ငန်း)၊ ဦးထွန်းမြင့်ဦး (စိန်စီဆီစက်လုပ်ငန်း)၊ လူသုံးကုန်လုပ်ငန်းရှင် ဦးဝင်းသူရဇော် (WFF မွေးမြူရေးအစားအစာလုပ်ငန်း)၊ ဦးဇော်မျိုးလွင် (KK ကားကူရှင်လုပ်ငန်း)၊ ဦးညိုလင်းအောင်(KP အီးအမ်ဘိုကာချီသဘာဝ မြေဩဇာလုပ်ငန်း)တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်ပစ္စည်းများပေးအပ်ပြီး၊ မြို့နယ် MSME ဥက္ကဋ္ဌ ဦးမောင်မောင်နုက ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ထပ်မံပေးအပ်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နိဂုံးချုပ်အမှာစကားပြောကြား ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တိုင်း၊ ခရိုင်တာဝန်ရှိသူများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်ဌာနဆိုင်ရာများနှင်အတူ ကွင်း အမှတ် ၁၃၁၉ ကွင်း၊ တောင်သူ ဦးတင်ထွန်းအောင်၏ ပေါ်ဆန်းမွှေးစပါးစိုက်ခင်း ဧက၂၀ စပါး ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ စပါးစိုက်တောင်သူများ ဈေးနှုန်းရရှိသည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်