မော်လမြိုင် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ)နှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိများ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ နိုင်ငံရေးပါတီများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ)မှ လက်ရှိဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းချပြခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။
ထိုနောက် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံ့ဝန်ထမ်းပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာသော နိုင်ငံရေးပါတီများမှ သက်ဆိုင်ရာ ပါတီများအလိုက် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ)က တင်ပြချက်များအပေါ် အကြံပြုဖြည့်စွက်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)