မြစ်ကြီးနား ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်သည်။
ရှေးဦးစွာ အခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူလေးများက မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော လူငယ်ပညာတတ်များ မွေးထုတ်ပေးနိုင်ရေး ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ဆောင်လျက်ရှိပါကြောင်း၊ လူငယ်များကို ဘက်ပေါင်းစုံမှမြှင့်တင်ပေးနိုင်ရေး အမြဲစဉ်းစားအကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့်အတွက် မောင်တို့၊ မယ်တို့အနေဖြင့် ရရှိသည့်အခွင့်အရေးကို တစ်စိုက်မတ်မတ်ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ပညာသင်ကို အခြေခံပြီး နိုင်ငံကို တည်ဆောက်မှသာ ပညာရဲရင့် ပွဲလယ်တင့်ပြီး နိုင်ငံအတွက်အဖိုးတန်သည့် လူငယ်များဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ တိုင်းပြည် အတွက် အားထားရသည့် လူငယ်သားကောင်းရတနာများဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အနယ်နယ်အရပ်မှ ဘာသာရပ်အလိုက် ပထမနှစ်တက်ရောက်ကြမည့် မောင်/မယ်သစ်လွင် (၂၇၇)ဦးတို့အား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားတက်ရောက် လာကြသည့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တစ်ဦးချင်း အသီးသီးမိတ်ဆက်ခဲ့ ကြပြီး ပထမနှစ် စတင်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အကူဖြစ်စေရေး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဌာနများမှ ပါမောက္ခဌာနမှူးများနှင့် အရာထမ်းများက အသီးသီးမိတ်ဆက်ခဲ့ကြသည်။
ထို့နောက် ဝိဇ္ဇာဘာသာရပ်မျာကိုယ်စား သမိုင်းဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာဆွေဆွေးဦးက ဝိဇ္ဇာဘာသာရပ်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ သိပ္ပံဘာသာရပ်များကိုယ်စား ဓာတုဗေဒပါမောက္ခ ဌာနမှူး ဒေါက်တာသင်းမြတ်နွယ်က သိပ္ပံဘာသာရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း သင်ယူနိုင်မည့် အစီအစဉ်များနှင့်သင်ယူရာတွင် ရရှိနိုင်မည့် အသိပညာ၊ အတတ်ပညာများ၊ အကျိုးကျေးဇူးများကို လည်းကောင်း၊ သင်တန်းရေးရာဌာနမှူး ဒေါ်ဟောင်းနောက ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သော သင်တန်းရေးရာကိစ္စရပ်များ၊ စာကြည့်တိုက်မှ လက်ထောက်စာကြည့် တိုက်မှူးက တက္ကသိုလ်စာကြည့်တိုက်နှင့် ပက်သက်သည့် သိသင့်သိထိုက်သည်များကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခြင်းနှင့် နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခြင်းဖြင့် ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြလုပ်ခဲ့ကြပြီး ကချင်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအစည်းအဝေးကို ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရာတွင်လည်း အားသာချက်၊ အားနည်းချက် များကို လေ့လာဆန်းစစ်ပြီးသက်ဆိုင်ရာဆက်စပ်ဌာနများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ၊ဒေသခံများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ရေမြေတောတောင် သဘာဝအလှအပ ရှုခင်းများနှင့် သဘာဝသယံဇာတအရင်းအမြစ် များစွာကြွယ်ဝသည့် မိမိတို့ကချင်ပြည်နယ်အတွင်း သဘာဝကို အခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် ခရီးသွားလုပ်ငန်းများ ပိုမိုခိုင်မာအားကောင်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြား သည်။
ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဒေသတွင်းဆောင်ရွက်လျက်ရှိသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစီအမံများအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေးစီမံဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးခိုင်ဦးက ပြည်နယ်အတွင်း ဟိုတယ်/ တည်းခိုရိပ်သာနှင့် ခရီးသွားလုပ်ငန်းများ လိုင်စင်ခွင့်ပြုပေးထားမှု၊ သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့မှု၊ ဧည့်သည်ဝင်ရောက်မှုနှင့် ဝင်ငွေရရှိမှု၊ ၂/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်း အဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများနှင့် လိုင်စင်လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များကို ပါဝင်ပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဟိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားသည့် ဟိုတယ်/တည်းခိုခန်းလိုင်စင် (၆)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း၊ ရုံးခွဲလျှောက်ထားခြင်းနှင့် လိုင်စင်အသစ်လျှောက်ထားခြင်း (၂၈)ခုနှင့် လိုင်စင်ပယ်ဖျက်ခွင့် (၉) ခုတို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုပေးနိုင်ရေးကော်မတီအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း၍ ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)