ပူတာအို ဒီဇင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးသိန်းစိုးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းတို့နှင့်အတူ ဒီဇင်ဘာ (၂၄)ရက်နံနက်(၉)နာရီခွဲက ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအားတွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်က ၂၀၂၅-ခုနှစ် ဒီဇင်ဘာ (၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲအကြိုလုပ်ငန်းများစစ်ဆေးနိုင်ရန်လာရောက်ခြင်းဖြစ်ပါကြောင်း၊ မဲပေးစက်များသယ်ယူပို့ဆောင်ရာတွင် လုံခြုံရေးအထူးသတိပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မဲပေးစက်များချို့ယွင်းမှုဖြစ် ပေါ်လာပါက အချိန်မှီလဲလှယ်ဆောင်ရွက်နိုင်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ပေးထားရန်လိုအပ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများနှင့်ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး ကြိုတင်စီမံဆောင်ရွက်ထားရှိ ရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဉပဒေ၊ နည်းဉပဒေများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဘေလားခူရ်ဘူဆားရ်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး အခမ်းအနားတက်ရောက်လာသည့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်တာဝန်ရှိသူများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပေါင်းစပ်ဆောင်ရွက်ပေး သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပူတာအိုခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။
ထိုမှတဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်နှင့်တာဝန်ရှိသူများသည် ပူတာအိုမြို့ ကောင်ကထောင်၊ မြို့မ၊ ဟိုခို၊ ပန်းလှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ဒီဇင်ဘာ (၁၈)ရက်မှ(၂၂) ရက်အထိ ပူးပေါင်းစိစစ်ရေးအဖွဲ့များက စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး အတည်ပြုထားသည့် တတိယအကြိမ် အတည်ပြုမဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုများနှင့် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်မဲပေးနေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)