ကျောက်ဆည်မြို့နယ် မဲရုံများ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ဝတ်စုံများ ထောက်ပံ့

ကျောက်ဆည် ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံများတွင် မီးဘေးလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မီးသတ်ဝတ်စုံများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်က အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှဦးစီးမှူး ဦးသန့်ဇင်ဦးက တပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ မီးသတ်ဝတ်စုံများကို စနစ်တကျဝတ်ဆင်ပြီး မီးသတ်ဆေးဗူးများကို လွယ်ကူသည့် နေရာများတွင်ထားရှိကာ မဲရုံပြုလုပ်မည့် အခြေခံပညာစာသင်ကျောင်းများ၊ ဓမ္မာရုံများ၏ ပတ်ဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းများ၊ လူနေအိမ်များ၌ မီးလောင်ခြင်း၊ မီးလန့်ခြင်းများ ကင်းဝေးစေရေး စစ်ဆေးဆောင်ရွက်သွားကြရန်နှင့် ပြည်သူများအား စနစ်တကျမီးသုံးစွဲရေး အသိပညာပေးခြင်းများ ပြုလုပ်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မဲရုံများ၌ မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် မီးသတ်တပ်ဖွဲ့ဝင် ၁၈၉ ဦးအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မီးသတ်ဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)