ဟိုပုံး ဒီဇင်ဘာ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦးသည် ယနေ့နံနက် (၉)နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ဟိုပုံးမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးသည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ MEVM မဲပေးစက်ကြီးကြပ်ရေးနှင့်နည်းပညာအထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၈) အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)တွင်ပါဝင်သည့် ဟိုပုံးမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။
ထိုသို့ညှိနှိုင်းဆွေးနွေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လက်ရှိဆောင်ရွက်လျက်ရှိသော ရပ်/ကျေးကြိုတင်မဲပေးခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲအတွက် မဲရုံ၊ မဲရုံအဖွဲ့ဝင်များနှင့် MEVM မဲပေးစက်များ အသင့်ပြင်ဆင်စုဖွဲ့ သယ်ဆောင်ဖြန့်ခွဲထားရှိရေး၊ မဲရုံသုံးပစ္စည်းများ မဲစာရင်းအပါအဝင် အသုံးပြုရမည့် ပုံစံစာရင်းဇယားများအား စနစ်တကျပြင်ဆင်ထားရေး၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ MEVM စက်များ၊ SD card၊ BU Paper၊ အရန်မဲပေးစက်များနှင့်စပ်လျဥ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် အသေးစိတ်ရှင်းလင်း မှာကြားခဲ့သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးမှ အပိုင်း(၁)ပါဝင်သည့် ဟိုပုံးမြို့နယ်တွင် အသုံးပြုမည့် MEVM စက်များ ရပ်/ကျေးအုပ်စုများရှိ မဲရုံများသို့ သယ်ယူပို့ဆောင်ဖြန့်ခွဲမည့်အစီအမံများ၊ မဲဆန္ဒရှင်စာရင်းများနှင့် ရွေးကောက်ပွဲအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းမှာကြားကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူတို့က MEVM စက်များ ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူတို့အား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)