စဉ့်ကိုင် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အစဉ်အောက်မေ့ သတိရစေရန်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ကြွလာကာ လွတ်လပ်ရေး နေ့ကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ယခုလိုဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း နာယက ဦးသန်းအောင်က လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးအရာရှိ နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စုံလင်သည့် စာအုပ်၊ စာစောင်များ၊ လွတ်လပ်ရေးနေ့ဦးတည်ချက်များနှင့် ပြိုင်ပွဲဝင် ပန်းချီလက်ရာများအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)