ထန်းတပင် ဒီဇင်ဘာ ၂၄
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသုနန္ဒာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာထိပ်တင်ဟန်နှင့် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်နွဲ့အေးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြသည်။
ထို့နောက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဌာနမှူး၊ သင်တန်းရေးရာဌာန အရာထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိတ်ဆက်ပေးခြင်းအစီအစဉ်ကို စတင်ခဲ့ကြပြီး ဘာသာရပ်များကိုယ်စား ဓါတုဗေဒဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာမြင့်ငွေက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတို့ တက်ရောက်ခဲ့ကြသလို မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင်လည်း ကျောင်းသား၊ ကျောင်းသူများက ''လှမ်းစို့တူညီအနောက်ပိုင်းတက္ကသိုလ်ဆီ" တေးသီချင်းနှင့် ''ကြိုင်လျှံသတင်းဖြာ ရန်ကုန်နောက်ပိုင်းတက္ကသိုလ်မဟာ" တေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်