ဒလ ဒီဇင်ဘာ ၂၄
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ဂါတ်ကျေးရွာကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ညောင်ပင်ကျေးရွာအုပ်စု၊ ဂါတ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒလမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စံချောချောခင်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဂါတ်ကျေးရွာကွန်ကရစ်လမ်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဂါတ်ကျေးရွာ ရပ်မိ၊ ရပ်ဖ ဦးစိုးမြင့်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဂါတ်ကျေးရွာကွန်ကရစ်လမ်းသစ်အား တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊ ဒလမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင် ဦးရွှေလှိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူခဲ့ကြပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုခဲ့ကြသည်။
ဒလမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံ ငွေကျပ်သိန်း (၁၅၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း (၃၀) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် (၃၄၆'×၁၀'×၆") ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်အား (၁၉-၉-၂၀၂၅) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး (၁၅-၁၀-၂၀၂၅) ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)