ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲနှင့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေး ပညာ သင်တန်းကျောင်း(စစ်တွေ)တို့ ကျင်းပသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ၊ လုပ်ငန်းထူထောင်မည့်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်ချက်မှန်သမျှကို ကဏ္ဍပေါင်းစုံမှ တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံ ကျပြီးအရေးပါသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ဒေသအတွင်း ကုန်ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာစေရေး ဆောင်ရွက်နေသည့်လုပ်ငန်းများသည် အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ၏ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့ဟူသော ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ခဲ့သော သင်တန်းများမှ လုပ်ငန်းထူထောင်မည့်သူများကို ရွေးချယ်၍လုပ်ငန်းထူထောင်နိုင်ရန်လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းထူထောင်မည့်သူများ အနေဖြင့်သင်တန်းက သင်ကြားပေးလိုက်သည့် ပညာရပ်များပေါ်အခြေခံကာ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် မိမိထုတ်ကုန်၏ အရည်အသွေးနှင့် ထုတ်ပိုးမှုစနစ် မြင့်မားအောင် ဆောင်ရွက်ပြီး  ဈေးကွက်ရရှိအောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စားသောက်ကုန်ထုတ်လုပ်မှုနှင့်လူသုံးကုန်ထုတ်လုပ်မှု လုပ်ငန်းအတွက်လုပ်ငန်းသုံးပစ္စည်းများ၊ လက်ရက် ကန်းလုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းထူးထောင်မည့်သူများကို ပေးအပ်ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ကျင်းပသော (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေး (၂/၂၀၂၅) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် (၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ နာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက (၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများကိုဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပေးကြစေလိုကြောင်းနှင့်အခမ်းအနားကို သိုက်သိုက်ဝန်းဝန်းဖြင့် အေးချမ်းစွာကျင်းပနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ မလိုလားအပ်သော ဖြစ်စဉ်များဖြစ်ပွားမှုမရှိစေရေးအတွက် စနစ်တကျဆောင်ရွက်သွားကြရန်ပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အဆိုပါအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်မဂ္ဂဇင်း ပြုစုထုတ်ဝေပေးခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ရခိုင်ပြည်နယ် မဂ္ဂဇင်းစာအုပ်ထုတ်ဝေပြုစုရေး စာတည်းအဖွဲ့ဝင်များအား ဂုဏ်ပြုအမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍ ရခိုင်ပြည်နယ်မဂ္ဂဇင်းစာအုပ်ထုတ်ဝေပြုစုရေးအဖွဲ့ စာတည်းမှူးချုပ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)