(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ စာပြန်သံဃာများအား ဒုတိယဝန်ကြီးဦးအေးထွန်း ဖူးမြော်ကြည်ညို

ရန်ကုန် ဒီဇင်ဘာ ၂

(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေချယ်ရေးစာမေးပွဲကြီးကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိရာ အာဂုံပြန်ဆိုတော်မူကြသော စာပြန်သံဃာတော်တို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖူးမြော်ကြည်ညိုပြီး တိပိဋကဓရတိပိဋကကောဝိဒဩဝါဒါ စရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာထောက်စာမဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

(၇၈) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ (၃၃) ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာပြန်/စာဖြေ သံဃာ ၅၂၆ ပါး ဝင်ရောက်ပြန်ဆို/ဖြေဆိုမည်ဖြစ်ကာ ယနေ့တွင် အဘိဓမ္မာ (ဒုတိယပိုင်း) စာပြန်သံဃာတစ်ပါး၊ အဘိဓမ္မာ (ပထမပိုင်း) စာပြန်သံဃာလေးပါး၊ ဒီဃနိကာယ်စာပြန်သံဃာတစ်ပါး၊ ဝိနည်း(ဒုတိယပိုင်း) စာပြန်သံဃာ ၄၀ ၊ ဝိနည်း(ပထမပိုင်း) စာပြန်သံဃာ ၃၅ ပါး စုစုပေါင်း ၈၁ ပါး အာဂုံပြန်ဆိုလျက်ရှိကြောင်း သိရသည်။

အာဂုံပြန်ဆိုချိန် တစ်ရက်လျှင် နံနက် ၈ နာရီမှ ၁၀နာရီအထိလေးကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ငါးကြိမ်စုစုပေါင်း ကိုးကြိမ်ဖြင့် ၁၈ ရက် အာဂုံပြန်ဆိုရပြီး သဘောရေးဖြေစာမေးပွဲကို မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ငါးရက်ဖြေဆိုရကြောင်း၊ အာဂုံပြန်ဆိုရာတွင် အထစ်အငေါ့မရှိ ထူးကဲစွာပြန်ဆိုနိုင်လျှင် ဝိသိဋ္ဌဝိနယဓရ၊ ဝိသိဋ္ဌဒီဃဘာဏကနှင့် ဝိသိဋ္ဌအာဘိဓမ္မိကဘွဲ့၊ သဘောရေးဖြေတွင် သတ်မှတ်အောင်မှတ်နှင့်အထက်ရရှိပါက မဟာဝိနယကောဝိဒ၊ မဟာဒီဃနိကာယကောဝိဒနှင့် မဟာအဘိဓမ္မကောဝိဒဘွဲ့ကို ခံယူရရှိတော်မူပြီး အနည်းဆုံးငါးနှစ်သက်တမ်းပြည့်မြောက်လျှင်တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)