နောင်မွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအတည်ပြုကြေညာ

နောင်မွန်း ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် နောက်ဆုံးအကြိမ်မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာလ ၂၃ရက်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့  မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင်  အသက်(၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့်လည်း‌ကောင်း၊ လက်ရှိ‌နေထိုင်ရာဒေသ၌ရက်ပေါင်း(၁၈၀)ထက်မနည်း‌‌ ရောက်ရှိနေထိုင်သော အခြားမဲဆန္ဒရှင်များအနေဖြင့် မိမိလက်ရှိ‌နေထိုင်ရာဒေသ၏ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်နိုင်ရန် လျှောက်လွှာပုံစံ (၃-က)ဖြင့်လည်းကောင်း အသီးသီးလျှောက်ထားပြင်ဆင်ပြီး မဲဆန္ဒရှင်အမည်စာရင်းများကို နောက်ဆုံးအတည်ပြု ကပ်ထားကြေညာခဲ့ခြင်းဖြစ်သည်။

နောင်မွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်(၄၉၆၄)ဦးရှိပြီး ရပ်ကွက် (၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၄)အုပ်စုရှိ ကျေးရွာပေါင်း (၅၃)ရွာတွင် မဲရုံပေါင်း (၂၁)ရုံဖြင့် ကျင်းပမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)