၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရန်ကုန်ပညာရေးတက္ကသိုလ်၌ ပညာရေးဘွဲ့ ပထမနှစ်သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ပထမနှစ်သင်တန်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ Learning Hub ၌ ယမန်နေ့ နံနက် (၉) နာရီတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်များ၊ စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာနတို့မှ ဌာနမှူးများ၊ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများနှင့် သစ်လွင်ကျောင်းသား၊ ကျောင်းသူ (၅၁၃) ဦး တက်ရောက်ကြသည်။

ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ ကျောင်းသား၊ ကျောင်းသူများက ရန်ကုန်ပညာရေးတက္ကသိုလ်၏ ကျောင်းသီချင်းဖြစ်သော “အမိဝမ်းမြောက်ပါစေ” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးရခြင်းဖြင့် ဆရာအတတ်ပညာများနှင့် အဓိကဘာသာရပ်ကြီးများ ပူးပေါင်းထားသော ခေတ်မီသင်ရိုးများကို သင်ယူရရှိနိုင်မှာဖြစ်ကြောင်း၊ ထိုသို့ ခေတ်မီပေါင်းစပ်ပညာရေးကို သင်ယူနိုင်ခြင်းအားဖြင့် မဝေးသောအနာဂါတ်တွင် သင်ကြား၊ သင်ယူမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည့် အရည်အသွေးရှိသော ဆရာ၊ ဆရာမများ အမှန်တကယ်ဖြစ်လာတော့မှာဖြစ်ကြောင်း၊ ဆရာကောင်းတစ်ယောက်ဖြစ်ရန် မိမိသင်ယူရမည့် သင်ခန်းစာများအပြင် မျိုးချစ်စိတ်ဓာတ်ရှိခြင်း၊ သင်ကြားနည်းပိုင်နိုင်ခြင်း၊ အစဉ်ဉာဏ်ရည်သွေးနေခြင်း၊ ဆရာစိတ်ရှိခြင်း စတဲ့အချက်များနှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ သီလ၊ သမာဓိတို့ကို တိုးတက်စေရန်အတွက် စာရိတ္တနှင့် ပြည်သူ့နီတိယဉ်ကျေးမှု အခြေခံများကိုလည်း သင်ယူရမှာဖြစ်ကြောင်း။

 ရန်ကုန်ပညာရေးတက္ကသိုလ်သည် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်ကိုတည်ဆောက်နိုင်ရန် ဘဝတစ်သက်တာ သင်ယူနေသူများကို မွေးထုတ်ပေးနိုင်မည့် ဆရာများ၊ သုတေသီများနှင့် ပညာရေးပညာရှင်များ၊ လူ့ဘောင်ကို အရှိန်အဟုန်ဖြင့် အကောင်းဆုံးမြှင့်တင်ပေးနိုင်မည့် ဆန်းသစ်တီထွင်နိုင်စွမ်းရှိသည့် ရိုးသားဖြောင့်မတ်သစ္စာရှိသော တတ်သိပညာရှင်များ မွေးထုတ်ပေးသည့် တက္ကသိုလ်ကြီးဖြစ်ကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်ပင်အရေးကြီးလှပါကြောင်း၊ ထူးချွန်ထက်မြက်သည့် အနာဂါတ်မျိုးဆက်သစ်များပေါ်ထွန်းရေးဟာ ဆရာများရဲ့ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပေါ်တွင် မူတည်ပါကြောင်း။

ပညာရေးမျှော်မှန်းချက်များဖြစ်သည့် သာတူညီမျှသောပညာရေး၊ လူတိုင်းသင်ယူနိုင်သော ပညာရေးနဲ့ အရည်အသွေးရှိသော ပညာရေးဖြစ်ရန်မှာ ဆရာများရဲ့ သြဇာတိက္ကမနဲ့ စွမ်းဆောင်ရည်ပေါ်တွင် တည်မှီလျက်ရှိကြောင်း၊ မြန်မာ့ပညာရေးကို နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ဆရာ့အတတ်ပညာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို မွန်မြတ်တဲ့ သမာအာဇီဝလုပ်ငန်းအဖြစ်ခံယူကာ မြန်မာ့လူ့အဖွဲ့အစည်း၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍတိုးတက်ရေးတို့အတွက် ကြိုးပမ်းရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒု-ပါမောက္ခချုပ်များနှင့် ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး) များက သစ်လွင်ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ဆုံးမစကားများ ပြောကြားပြီး ဌာနမှူး (သင်တန်းရေးရာ) က ကျောင်းသား၊ ကျောင်းဆောင် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ပညာရေးစိတ်ပညာဌာနမှ ပါမောက္ခ (ဌာနမှူး) က ပညာရေးဘာသာရပ်များဖြစ်သော ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှုသင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်းဘာသာရပ်များအပြင် ကာယပညာနှင့် ကျောင်းကျန်းမာရေး ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ဝိဇ္ဇာသိပ္ပံ တတ်ကျွမ်းဘာသာရပ်ဆိုင်ရာ ဆရာကြီး၊ ဆရာမကြီးများကလည်း ကျောင်းသားများ လုပ်ငန်းခွင်ဆက်လက်ရှင်သန်ပြီး သင်ကြားရေးတာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် KG+12 သင်ရိုးညွှန်းတမ်းနှင့်အညီ မွမ်းမံမြှင့်တင်ပြီး ထိရောက်စွာ သင်ကြားပေးနေမှုများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများကလည်း တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကြကြောင်း သတင်းရရှိသည်။

အောင်မြင့် (ပြန်/ဆက်)