ညောင်ရွှေ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် မဲဆန္ဒရှင်အမည်စာရင်းများကို အများပြည်သူများ ကြည့်ရှုနိုင်စေရေး မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာခဲ့မှုအပေါ် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့မှစတင်၍ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို ထပ်မံကပ်ထား ကြေညာခြင်းဖြစ်သည်။
ညောင်ရွှေမြို့ပေါ် (၈)ရပ်ကွက်ရှိ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု့ခဲ့ကြကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းများ သွားရောက်ကြည့်ရှု၍ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ပါရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အသိပေးကြေညာထားကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ