ချမ်းမြသာစည် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သူနာပြုသင်တန်းကျောင်း (မန္တလေး)တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ သူနာပြုတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ သူနာပြုသင်တန်းကျောင်းအုပ်ကြီး၊ ဆေးရုံအုပ်ကြီးများ၊ သင်တန်းသား/သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်းဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အလွန်အရေးပါပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့၍ အခြေခံကျသောကျန်းမာရေးစောင့်ရှောက်မှုများကို တာဝန်ယူဆောင်ရွက်ကြမည့် သူနာပြု ဆရာ/ဆရာမလောင်းလျာများအား သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားဖြစ်သောကြောင့် အင်မတန်မှ ဂုဏ်ယူဖွယ်အခမ်းအနားဖြစ်ကြောင်း၊ (၃) နှစ်တိုင်တိုင် ဇွဲ၊ လုံလ၊ ဝီရီယနှင့်ကြိုးစားအားထုတ် သင်ယူခဲ့တဲ့အတွက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်ကို ထိုက်ထိုက်တန်တန် အောင်မြင်စွာ ဆွတ်ခူးနိုင်ခြင်းအပေါ် အလွန်ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့နေရာမှာ သူနာပြုများဟာ အင်အားအများဆုံးနဲ့ မရှိမဖြစ် အလိုအပ်ဆုံး အားထားရဆုံး လူ့စွမ်းအားစုဖြစ်ကြောင်း၊ သူနာပြုများသည် မည်သည့်ခေတ်၊ မည်သည့်အချိန်အခါ၊ မည်သည့်အခြေအနေ ဖြစ်ပါစေ မူလတာဝန်ဖြစ်သော ပြည်သူ့ကျန်းမာရေး ပြုစုစောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူလူထုအတွက် ဦးတည်ပြီး သစ္စာရှိရှိ တာဝန်ကျေကျေ ဆောင်ရွက်ကြဖို့ အင်မတန်အရေးကြီးကြောင်း၊ ပြည်သူပြည်သားအားလုံးကို မြို့ပြနှင့် ကျေးလက်တပြေးညီ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ဆိုရင် အရည်အသွေးပြည့်ဝသော သူနာပြုပညာရှင်များ အလုံ အလောက် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး သူနာပြုသင်တန်းကျောင်း(မန္တလေး) ဒုတိယကျောင်းအုပ်ကြီး ဒေါ်စန်းစန်းရွှေက သင်တန်းဆင်းအမှာစကား ပြောကြားပြီးနောက် သင်တန်းကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများအဖွဲ့က တက်ရောက်လာကြသည့် သူနာပြု-သားဖွား ဒီပလို မာ (၃) နှစ်သင်တန်း ဘွဲ့လက်မှတ်ရရှိသူများနှင့် မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ သူနာပြု- သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲတွင် မန္တလေးမြို့၊ ကလေးမြို့၊ ဗန်းမော်မြို့ သူနာပြုသင်တန်းကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၁၁၆ ဦး အောင်လက်မှတ် ရရှိခဲ့ကြောင်း သိရသည်။
အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)