မြစ်ကြီးနားမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၂၄

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ထက်/ လယ်/ မူအဆင့် ဉာဏစွမ်းရည် ပြိုင်ပွဲများကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဉာဏစွမ်းရည်ပြိုင်ပွဲများအဖြစ် ထက်/ လယ်/ မူအဆင့် ကျပန်း၊ ပုံပြင်ပြော၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စာစီစာကုံး၊ အရုပ်ဆက်၊ စကားပုံဆက် ပြိုင်ပွဲများတွင် အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့်အပြင် ကျောင်းသား/ကျောင်းသူလေးများ စာအုပ်စာစောင် ချစ်မြတ်နိုးတက်လာပြီး စာ‌ပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် သုတ/ရသ စာအုပ်စာစောင်ပြပွဲကိုလည်း ကျင်းပခဲ့ကြ သည်။

ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ ပြည်နယ်ဦးစီးမှူး ဒေါ်မာလားဝင်းက ပြိုင်ပွဲများကျင်းပပေးရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကျပန်း၊ ပုံပြင်ပြော၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင် များကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)