အလုံမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ်ကြေညာထားရှိမှုအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကြည့်ရှုစစ်ဆေး

အလုံ ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက အလုံမြို့နယ်ဂဠုန်ရပ်ကွက်၊ ဌာနာရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများ လာရောက်ကြည့်ရှုမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို လာရောက်ကြည့်ရှုကြသည့် မဲဆန္ဒရှင်ပြည်သူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများ ကြည့်ရှုစေရေး၊ မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိစေရေးအတွက် တာ၀န်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

အဆိုပါတတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ကြေညာထားရှိမှုအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ သံယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေဝင်းအောင်၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်နိုင်ဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြလှိုင်နှင့် အဖွဲ့၀င်များ တက်ရောက်ခဲ့ကြောင်းသိရပြီး တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့အထိ ကပ်ထားကြေညာမည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများအား ပြည်သူများအ‌နေဖြင့် လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)