ပူတာအို ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅-ခုနှစ် ဒီဇင်ဘာ(၂၈) ရက်နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး ဒီဇင်ဘာ (၂၃) နံနက်ပိုင်းမှ နောက်ဆုံးအကြိမ် မဲစာရင်းကြေညာကပ်ထားမှုများနှင့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုမှုများအား တာဝန်ရှိသူများကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဉပဒေ (၈)အရ မဲစာရင်းများ တတိယအကြိမ် (နောက်ဆုံးအကြိမ်) ကြေညာခြင်းမပြုမီ မဲစာရင်းများစိစစ်ခြင်းလုပ်ငန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတို့ဖြင့် မိတ္တူတစ်စုံထုတ်ယူ၍ ဒီဇင်ဘာ(၁၈) ရက်မှ(၂၂)ရက်နေ့အထိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါစိစစ်ဆောင်ရွက်ခဲ့ကြသည့် မဲစာရင်းများကို နောက်ဆုံး အကြိမ်အနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်ကြေညာကပ်ထားခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပူတာအိုမြို့ ကောင်ကထောင်၊ မြို့မ၊ ဟိုခို၊ ပန်းလှိုင်ရပ်ကွက်များတွင် ပြည်သူများမဲစာရင်းလာရောက် ကြည့်ရှုမှုများ အားကြည့်ရှုအားပေးကာ ရွေးကောက်ပွဲအသိပညာပေးနိူးဆော်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖုန်ကန် (ပူတာအို)