နမ့်စန်မြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပ

လွိုင်လင် ဒီဇင်ဘာ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေးမှူးလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမတွင်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမတွင်လည်းကောင်း ခရိုင်/မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ MEVM မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်ကြီးကြပ်ရေးနှင့် နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသင့်ပြင်ဆင်စုဖွဲ့ထားရှိမှုနှင့် အရန်မဲပေးစက်များ၊ မဲရုံများလုံခြုံရေး၊ မဲပေးစက်သယ်ယူပို့ဆောင်ရေးတို့နှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့၏ တင်ပြဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် နမ့်စန်မြို့တွင် အသုံးပြုမည့်MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များထားသိုမှုနှင့် ထုတ်ပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိမှုကိုလည်းကောင်း၊ လွိုင်လင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုကိုလည်းကောင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)