နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားတက်ရောက်

ဇမ္ဗူသီရိ ဒီဇင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အေးမြသာယာကျောင်းတိုက်တွင် နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နေပြည်တောင်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က‌ဋ္ဌ ဦးဇေနော်ဝင်း၊ အဖွဲ့ဝင် ဦးကျော်အောင်၊ ဇမ္ဗူသီရိမြို့နယ် သာသနာရေးမှူး ဦးအောင်သူတို့ တက်‌ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခြင်း၊ ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာရွတ်ဖတ်ပူဇော်ခြင်း၊ ဇမ္ဗူသီရိမြို့နယ်ဩဝါဒါစရိယ၊ ရှားတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဒေဝနိမန္တ နဂါထာရွတ်ဖတ်၍ နတ်ဗြဟ္မာများပင့်ဖိတ်ခြင်း၊  နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးမှ သာသနာရေးဆိုင်ရာ လျှောက်ထားခြင်း၊ သံဃာတော်အရှင်သူမြတ်များထံသို့ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်‌ရေ၊ ပရိတ်သဲလှူဖွယ်ခြင်းနှင့် ဝတ္ထုငွေများအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းတို့မှ အသီးသီးဆပ်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ဆရာတော်သံဃာတော်များက ဦးဆောင်၍ ပရိတ်သတ်အားလုံးမှပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဖတ်ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သတ္တမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအား (၂၃-၁၂-၂၀၂၅) ရက်နေ့မှ (၂၇-၁၂-၂၀၂၅) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)