လှိုင် ဒီဇင်ဘာ ၂၄
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအား တာဝန်ရှိသူများက ယမန်နေ့ ညနေ (၃) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်အတွင်း ရပ်ကွက် (၁၆) ရပ်ကွက်ရှိရာ မဲစာရင်းများ ကပ်ထားကြေညာထားရှိသည့် ရပ်ကွက်ရုံးများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုနှင့် စပ်လျဉ်း၍ မဲစာရင်းများ မှန်ကန်မှုရှိစေရေး၊ မဲစာရင်းကျန်ရှိမှု၊ မှားယွင်းမှုများ မရှိစေရေးကွင်းဆင်းစစ်ဆေးရာ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ညိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး လွယ်ကူစွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံ (၆၈) ရုံလျာထားသတ်မှတ်ထားရှိပြီး တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဇန်နဝါရီလ ၅ ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)