သာကေတ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေဝင်းအောင်တို့နှင့်အတူ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက သာကေတမြို့နယ် ၃/ ရန်ပြေရပ်ကွက်၌ တတိယအကြိမ်မဲစာရင်း ကြေငြာထားမှုအပေါ် ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုသည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ယင်းသို့ လာရောက်ကြည့်ရှုရာ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းမင်းဦး၊ ၃/ရန်ပြေရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝဏ္ဏစိုး၊ ၃/ရန်ပြေရပ်ကွက်ရပ်ကွက်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးနွဲ့နှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၃/ရန်ပြေရပ်ကွက်ပြည်သူများ မဲစာရင်းကြည့်ရှုနေမှုအား လိုက်လံကြည့်ရှုအားပေးကာ မဲစာရင်းအမှတ်စဥ်များအား အိမ်ထောင်စုအလိုက် ကြိုတင်ဖြန့်ဝေထားရန်၊ မဲရုံသို့ လာရောက်သည့် မဲဆန္ဒရှင်ပြည်သူများအား မဲပေးမှုသရုပ်ပြပုံစံကို TV မှတဆင့် အသိပေးပြသထားရန်၊ လူဦးရေ (၁၅၀၀) ကျော်ရှိသည့် မဲရုံများတွင် သတ်မှတ်အချိန်အတွင်း မဲပေးနိုင်စေရေးကြိုတင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သဲထက်ဇင်