စဉ့်ကိုင် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို (တတိယအကြိမ်) ရပ်ကွက် /ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းမှ စတင်ကြေညာထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံး ၅၃ ရုံးတွင် (တတိယအကြိမ်)အဖြစ် ကပ်ထားကြေညာထားပြီး မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် မိမိ၏အမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းနိုင်ရေး၊ စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ရေး၊ အချက်အလက်များ မှားယွင်းပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းနိုင်ရေးတို့ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများရှိ ကော်မတီအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက် ရှိကြကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများအား ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ မဲစာရင်းလာရောက်ကြည့်ရှုနိုင်စေရန် အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်လျက်ရှိကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ ၅၃ အုပ်စုတွင် လျာထားမဲရုံ ၁၁၉ ရုံရှိပြီး မဲဆန္ဒရှင် ၁၁၀၁၉၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကျော်စွာ(စဉ့်ကိုင်)