တိုက်ကြီးမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

တိုက်ကြီး ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး ရည်ရွယ်ကာ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၁ နာရီက တိုက်ကြီးမြို့ YBS ကားဂိတ်၊ သုံးဘီးဂိတ်များ၊ တာဂွကျေးရွာ၊ ပုတ္တကျေးရွာနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်သည်။

ထိုသို့ ပြုလုပ်ခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းမောင် ဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ခင်အိနှင့် ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဖြိုးနိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့က “ဒို့အတူတူ မဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”၊ “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်”၊ “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့”၊ “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့” စသည့်အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၊ YBS ကားပေါ်များ၊ သုံးဘီး၊ ဆိုင်ကယ်ကယ်ရီ၊ အနှေးယာဉ်ဂိတ်များရှိ ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)