(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ အာဂုံပြန်ဆို

ရန်ကုန် ဒီဇင်ဘာ ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ အာဂုံပြန်ဆိုခြင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ပြုလုပ်လျက်ရှိသည်။

(၇၈) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့အာဂုံပြန်ဆိုခြင်း ဒုတိယနေ့တွင် အဘိဓမ္မာ (ဒုတိယပိုင်း) စာရင်းသွင်း ဖြေဆိုသံဃာတစ်ပါး၊ အဘိဓမ္မာ (ပထမပိုင်း) စာရင်းသွင်းသံဃာ ၆ ပါး၊ ပြန်ဆိုသံဃာ ၄ ပါး၊ ပျက်ကွက်သံဃာတစ်ပါး၊ ဒီဃနိကာယ်(ပထမအသုတ်) စာရင်းသွင်းသံဃာ ၂ ပါး၊ ပြန်ဆိုသံဃာတစ်ပါး၊ ပျက်ကွက်သံဃာတစ်ပါး၊ ဝိနည်း (ဒုတိယပိုင်း) (ပထမအသုတ်) စာရင်းသွင်းသံဃာ ၅၉ ပါး၊ ပြန်ဆိုသံဃာ ၄၀ ပါး၊ ပျက်ကွက်သံဃာ ၁၉ ပါးနှင့် ဝိနည်း (ပထမအပိုင်း) (ပထမအသုတ်) စာရင်းသွင်းသံဃာ ၄၅ ပါး၊ ပြန်ဆိုသံဃာ ၃၅ ပါး၊ ပျက်ကွက်သံဃာ ၁၀ ပါး ဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲအာဂုံပြန်ဆိုရာသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အမှူးပြုသော တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များနှင့် တာ၀န်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)