ဒဂုံတောင် ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်ဆန္ဒမဲပေးနိုင်ရန်နှင့် မိမိတို့ပါဝင်ဆောင်ရွက်ရမည့် အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ဖြန့်ဝေလျက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် (၁၀) နာရီ၌ အမှတ် (၂၆) ရပ်ကွက်ရှိပြည်သူများနှင့် ပြည်သူများ စည်ကားရာနေရာများတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ဆောင်ပုဒ်နှင့်အညီ “ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ”၊ “ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဆောင်ရွက်နိုင်ပါသည်”၊ “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့” “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့” စသည့်အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
နေမျိုးအောင် (ပြန်/ဆက်)