မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ်ရုံးတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

တောင်ဥက္ကလာပ ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ်မှ ကြီးမှူး၍ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၄) ရပ်ကွက်မြင်သာ ၁၁ လမ်းရှိ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ်ရုံးတွင် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်က (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် စာဖတ်ဝိုင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ်ဥက္ကဋ္ဌ ဦးကျော်ကျော်ရှိန်းက ယနေ့လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အနာဂတ်အတွက် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမပေါက်ပေါက်က မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ဗိုလ်ချုပ်အောင်ဆန်း၏ ကြိမ်းပမ်းဆောင်ရွက်မှုသမိုင်းမှတ်တမ်းများနှင့် လွတ်လပ်ရေးရရှိလာပုံ၊ လူငယ်များအနေဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး မိမိနိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ဖို့ စာအုပ်စာပေများကို စဉ်ဆက်မပြတ်လေ့လာဖတ်ရှုကြရန် အကျယ်တဝန်းဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ် (MANA) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြင်သာမြို့ ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတမှ ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)