ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၌ မဲရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေး

စစ်တွေ ဒီဇင်ဘာ ၂၃

စစ်တွေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဘောက်သီးစုရပ်ကွက်၊ မဲရုံအမှတ် (၁) ကို ဖွင့်လှစ်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ရွေးကောက်ပွဲအရာရှိနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ အေးချမ်းစွာ စနစ်တကျ မဲပေးနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ လမ်းမတော်မြောက်ရပ်ကွက်၊ မဲရုံ အမှတ် (၁) ၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပြည်တော်သာရပ်ကွက်၊ မဲရုံ အမှတ် (၃) နှင့် အမှတ် (၈) အခြေခံပညာမူလတန်းကျောင်း၌ အနောက်စံပြရပ်ကွက်၊ မဲရုံ အမှတ် (၁) တို့ဖွင့်လှစ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ခိုင်သဇင်ခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။

သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုတက်ရေးနှင့် ရခိုင်တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ဖြင့် ကဏ္ဍပေါင်းစုံတိုးတက်မှု ရရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်နယ်အစိုးရနှင့်အတူ ရခိုင်တိုင်းရင်းသားပြည်သူများကလည်း အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ လိုအပ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ကြောင်း၊ စစ်တမ်းရလဒ်များအရ ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းမှုအတွက် ဖွင့်လှစ်ပေးစေလိုသည့် သင်တန်းကို အဆိုပြုဖြေဆိုရာတွင် ဒေသခံတိုင်းရင်းသားအများစုက စက်ချုပ်၊ အိတ်ချုပ်သင်တန်းများ ဖွင့်လှစ်ကျင်းပပေးစေလိုကြောင့် တွေ့ရှိရသဖြင့် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပေးလိုက်သည့် သင်ခန်းစာများ၊ ပညာရပ်များ၊ အတွေ့အကြုံများကို ထိုက်သင့် သလောက် သင်ယူတတ်မြောက်ကြပြီဖြစ်ကြောင်းနှင့် အခြေခံမှစ၍ နောက်တစ်ဆင့်ကို ကောင်းမွန်စွာတက်လှမ်းနိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိကြသူများနှင့် သင်ကြားပို့ချခဲ့ကြသည့် သင်တန်းနည်းပြဆရာမများအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ခန်းမအတွင်း သင်တန်းသူများ၏ ချုပ်ထည်များအား လှည့်လည ကြည့်ရှုခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ခရစ္စမတ်အကြို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မေတ္တာပို့ဆုတောင်းခြင်းအခမ်းအနား တက်ရောက်သို့ တက်ရောက်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ခရစ္စမတ်ပွဲတော်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က လူသားများကို အပြစ်တရားမှလွတ်မြောက်ပြီး ထာဝရအလင်း ကယ်တင်ခြင်းရရှိရန် ထာဝရဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ဖြစ်သည့် သခင်ယေရှု၏ မွေးနေ့ပွဲဖြစ်ကြောင်း၊ ထို့ကြောင့် ခရစ်တော်၏ မွေးနေ့ ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်ဘာသာဝင်တို့၏ စိတ်နှလုံးသားထဲတွင် ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းတို့ကို ခံယူကျင့်သုံးကြရသည့် ပွဲတော်ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ခရစ်ယာန်ဘာသာဝင်အားလုံးတို့၏ ကျေးဇူးရှင်ခရစ်တော်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဖွားမြင်တော်မူခဲ့ခြင်းဖြစ်၍ နေ့ထူးနေ့မြတ်အဖြစ် သတိရအောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်များ နှစ်စဉ်ကျင်းပခဲ့ကြကြောင်း၊ ခရစ္စမတ်ပွဲတော်ကာလအတွင်း ပွဲတော်၏အနှစ်သာရဖြစ်သည့် လူသားများအချင်းချင်း မေတ္တာပွားများကြရန်၊ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းသာယာမှုများ ထွန်းကားရန်ဆိုသည့် ဆုတောင်းသံများသည်လည်း တစ်ကမ္ဘာလုံးအနှံ့ ပျံ့လွင့်စေလျက် ကမ္ဘာ့လူသားများ၏ နှလုံးသားများကို ရိုက်ခတ်လျက်ရှိမည်ဟု ယုံကြည်မိပါကြောင်း၊ မေတ္တာတော်ရှင်ယေရှုခရစ်တော်၏မွေးနေ့တော် ဂုဏ်ကျေးဇူးတို့ကို အောက်မေ့ဆင်ခြင်နေကြသည့် မင်္ဂလာအခါ သမယမှာ မွေးနေ့တော်၏ အနှစ်သာရများဖြစ်သည့် မေတ္တာတရားပြည့်ဝခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ ငြိမ်းချမ်း ငြိမ်သက်ခြင်း၊ ဖြောင့်မတ်သစ္စာရှိခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းဆိုသည့် ခရစ်တော်၏ အမွန်အမြတ်တရားများ ကမ္ဘာသူကမ္ဘာသားများအပေါ် အစဉ်ထာဝရလွှမ်းခြုံနေစေရန် ဝိုင်းဝန်းထိမ်း သိမ်းစောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများဖြစ်သည့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသား ပြည်သူအပေါင်းတို့ကလည်း ခရစ်တော်ဟောကြားခဲ့သည့် အဆုံးအမများနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်ကြပြီး မိမိတို့မှီတင်းနေထိုင်ရာ ရခိုင်ပြည်နယ်၏အကျိုးကို အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးစွမ်းနိုင်ကြသည့် ဘုရားသခင်၏ သားကောင်း၊ သမီးရတနာများ ဖြစ်နိုင်ကြပါစေဟု ခရစ္စမတ်အကြို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍နှစ်ခြင်းခရစ်ယာန်အသင်းတော် သိက္ခာတော်ရ ဆရာဦးအောင်လင်းက ခရစ္စမတ်ဆုတောင်းမေတ္တာပို့သပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ခရစ်ယာန် အသင်းတော်များအား ဆန်၊ စားဆီနှင့် စားသောက်ဖွေရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အား အသင်းတော် (၄) သင်းကိုယ်စား ဆရာတော်ထွန်းနိုင်က ခရစ္စမတ်ဂါရဝလက်ဆောင်များ ပေးအပ်ပြီး အင်္ဂလီကန်အသင်းတော် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာလှိုင်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ခရစ်ယာန်အသင်းတော်များ၊ ဘုရားရှိခိုးကျောင်းများမှ လူငယ်များက ခရစ္စမတ်သီချင်း ဖြင့်သီဆိုဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်က သီဆိုဖျော်ဖြေပေးကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)