ရန်ကုန် ဒီဇင်ဘာ ၂၃
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေးပြည်သူများ အားလုံးပါဝင်၍ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး" ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် သန်လျင်မြို့ လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများဖြစ်သည့် မြို့မစျေးရှေ့၊ မြို့မစျေးဆိုင်ခန်းများ၊ အောင်ချမ်းသာကားဂိတ်၊ ကျိုက်ခေါက်ဘုရားရှေ့တို့၌ စျေးရောင်းစျေးဝယ်လာသူများနှင့် ခရီးသွားပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်များထဲတွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ဟူသော အချက်များပါရှိကြောင်းသိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ကော်မတီဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖြူညွှန့်၊ သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင် (၁၅၅၀) စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)