မိုင်းဆတ် ဒီဇင်ဘာလ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ) သည် ယနေ့ မွန်းလွဲပိုင်းက ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည်စုံမှန်ကန်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်၍ ကြေညာခြင်းမပြုမီ မိုင်းဆတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဋ္ဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် စိစစ်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် MEVM စက်များထားရှိရာ နယ်မြေခံတပ်နယ်ရှိ ဘုရင့်နောင်ခန်းမတွင် မဲပေးစက်ဆိုင်ရာ ကျွမ်းကျင်အဖွဲ့များနှင့် MEVM ဆိုင်ရာနည်းပညာထောက်အကူပြုအဖွဲ့များအား တွေ့ဆုံပြီး MEVM စက်များ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ခွဲဝေထားရှိမှုနှင့် ဘတ်ထရီများ အားသွင်းထားရှိမှုအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြား သည်။
ဆက်လက်၍ မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်မြောက်ရပ်ကွက်၊ မဲရုံအမှတ်(၂)တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ပါ အီလက်ထရောနစ်မဲပေးစက်အသုံးပြုသည့် မဲရုံအတွက် နေရာချထားမှုပုံစံဖြင့် မဲရုံခင်းကျင်းထားရှိမှုများလိုက်လံကြည့်ရှုစစ်ဆေးပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား အသေးစိတ်လမ်းညွှန်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)