မိတ္ထီလာမြို့နယ်၌ လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံ အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေအကြောင်း သိကောင်းစရာများဖြစ်သည့် အာမခံအလုပ်သမားများအကြောင်း၊ မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်၊ မကျန်းမာမှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှု၊ ငွေကြေးခံစားခွင့်နှင့် မီးဖွားစရိတ်ခံစားခွင့်၊ အာမခံအလုပ်သမား သေဆုံးလျှင် နာရေးစရိတ်ခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေကြေး အကျိုးခံစားခွင့်စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံမှ လုပ်ငန်းခွင်ပြင်ပတွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် သိန်း ၁၂၉၆၀၀၀၀ ကို အာမခံအလုပ်သမား ဦးဘိုဘိုမင်း၏ ဇနီးနှင့် အာမခံအလုပ်သမား ဦးစိုးသူအောင်၏ နာရေးစရိတ်အား ၎င်း၏ မိခင်ဒေါ်နန်းမအား ငွေကျပ် သိန်း ၇၂၀၀၀၀ တို့ကို ပေးအပ်ခဲ့သည်။

ယင်းနောက် အမှတ် (၁) တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းချိုက အာမခံအလုပ်သမား သုံးဦး၏ မီးဖွားစရိတ်နှင့် အာမခံအလုပ်သမား ၆၁ ဦး၏ ဆေးဖိုးကုန်ကျငွေ  ၈၁၈၅၁၅၁ ကျပ်တို့အား ပေးအပ်ခဲ့ရာ တပ်မတော်ချည်မျှည်နှင့်အထည်စက်ရုံမှ ဒုတိယစက်ရုံမှူး ဒေါ်အိမ့်ဇင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်း၊ တပ်မတော်ချည်မျှည်နှင့်အထည်စက်ရုံမှ တာဝန်ရှိသူများ၊ မိတ္ထီလာမြို့နယ် လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒေါ်အေးအေးဆန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထိလာ)