အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ အမျိုးသားအဆင့် အိုင်စီတီစွမ်းရည်ဆု ပြိုင်ပွဲ-၂၀၂၅၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ ဗဟိုအဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပရောဂျက်များ ခင်းကျင်းပြသပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော အမျိုးသားအဆင့် အိုင်စီတီစွမ်းရည်ဆု ပြိုင်ပွဲ-၂၀၂၅၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ ဗဟိုအဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပရောဂျက်များ ခင်းကျင်းပြသပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းအသီးသီးမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆုရ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်များ၊ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားအဆင့် အိုင်စီတီစွမ်းရည်ဆုပြိုင်ပွဲ-၂၀၂၅၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ ဗဟိုအဆင့်ပြိုင်ပွဲ မှတ်တမ်း Video Clip အား ပြသသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ပညာရေးကဏ္ဍတွင် ICT နည်းပညာများကို အပြည့်အဝအသုံးချနိုင်စေရန်၊ ICT နယ်ပယ်တွင် ထူးချွန်ထက်မြက်သော မြန်မာလူငယ်ပညာရှင်များ ပေါ်ပေါက်လာစေရန်၊ ဆရာ၊ ဆရာမများအနေဖြင့် ICT နည်းပညာပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားသင်ယူမှုတွင် ICT အထောက်အကူပြုသင်ခန်းစာများ ဖန်တီးသင်ကြားလာနိုင်စေရန်၊ နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်သော ပညာရှင်များ ပေါ်ထွက်လာစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများနှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ကဲ့သို့သော အသင်းအဖွဲ့များက တက်ညီလက်ညီဝိုင်းဝန်းပြီး အချိန်တိုတိုနှင့် တက်လှမ်းနိုင်အောင် ကြိုးစားသွားကြရန် စသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က ကြိုဆိုနှုတ်ခွန်းစကားပြောကြားသည်။

ယင်းနောက် အမျိုးသားအဆင့် အိုင်စီတီစွမ်းရည်ဆုပြိုင်ပွဲ-၂၀၂၅၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံဗဟိုအဆင့်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသူများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ခင်းကျင်းပြသထားသည့် ဆုရပရောဂျက်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)