မိုးညှင်း ဒီဇင်ဘာ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဉီးခင်ဇော်သည် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မိုးညှင်းမြို့နယ်တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အရာထမ်း အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဉီးခင်ဇော်၊ မိုးညှင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဝသုန်စိုး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦး၊ ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဟိဏ်းဆက်၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ မိုးညှင်းမြို့နယ်တွင် အသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများ၊ မဲပေးစက်တွင် အသုံးပြုမည့် (၁၂)ဗို့ ဘက်ထရီများ၏ ဓာတ်အားကြံ့ခိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ခရိုင်အတွင်း ရွေးကောက်ပွဲများ အပိုင်းလိုက်ဆောင်ရွက်ကြမည့် မြို့နယ်များအတွက် အီလက်ထရောနစ်မဲပေးစက်(MEVM)များ သယ်ယူရွေ့ပြောင်းမည့်အစီအစဉ်များ၊ ရွေးကောက်ပွဲ ပထမအပိုင်းတွင်ကျင်းပမည့် မိုးညှင်းမြို့နယ်အတွက် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဖြန့်ခွဲမည့်အစီအစဉ်များနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင် ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်ပါဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌများက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြပြီး ပြည်နယ်တာဝန်ခံ ဦးခင်ဇော်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီးနောက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတာဝန်များ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်နှင့်အဖွဲ့သည် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ အ.ထ.က(၁)တွင်ဖွင့်လှစ်မည့် မဲရုံအမှတ် (၈)တွင် လျာထားမဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)