ရန်ကင်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကင်း ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁‌၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး၌ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြားရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မိမိတို့ဌာနရုံး အဆောက်အဦခြံ၀န်းများ သန့်ရှင်းသပ်ရပ်လှပရေးအလေးထားဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာအသီးသီးအား အပတ်စဉ်သန့်ရှင်းရေးဆောင်ရွက်ကြရန် မှာကြားထားပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာပြီဖြစ်ကြောင်း၊ တတိယအကြိမ် မဲစာရင်းကပ်ထားရာတွင် မဲဆန္ဒရှင်စာရင်းမကျန်ရှိစေရေး၊ မဲရုံများအတွက် မဲပေးစက်များ ရောက်ရှိလာပါက လုံခြုံရေးတာဝန်ချထားနိုင်ရေး၊ မီးဘေးလုံခြုံစီမံချက်ရေးဆွဲနိုင်ရေး၊ ရွေးကောက်ပွဲကျင်းပချိန်တွင် မဲရုံအတွင်း မဲရုံပရဝုဏ်သတ်မှတ်ထားရှိနိုင်ရေး၊ ရွေးကောက်ပွဲကျင်းပနေချိန်တွင် မဲရုံအတွင်း လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ မဲရုံလုံခြုံရေးသက်ဆိုင်ရာ ရပ်ကွက်အလိုက် တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ရန်၊ မဲရုံများတွင် CCTV တပ်ဆင်နိုင်ရေး၊ မဲရုံအခင်းအကျင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရမည့် အခြေအနေများအား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကော်မရှင်အတွင်းရေးမှူး ဒေါ်သဲထက်ထက်လှိုင်က တတိယအကြိမ် မဲစာရင်းကပ်ထားရန်နှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးဇော်ဝင်းအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးမည့် အခြေအနေများအားလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းက မီးဘေးလုံခြုံရေးစီမံဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးရည်လှိုင်က မဲရုံပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ရေနှုတ်မြေင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ပေးမည့် အခြေအနေများအားလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါမြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့များ၊ ရပ်ကျေးစာရေးများ၊ တက်ရောက်ခဲ့ကြပြီး မိမိတို့ဌာနတစ်ခုချင်းဆီအလိုက် ပြုလုပ်ဆောင်ရွက်နေကြသည့် ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

လှလှထွေး (ပြန်/ဆက်)