ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များ၏ စုပေါင်းခရစ္စမတ်ပွဲသို့ တက်ရောက်

မြစ်ကြီးနား ဒီဇင်ဘာ ၂၃

ကချင်ပြည်နယ်အတွင်း ခရစ်တော်၏ မွေးနေ့ရက်မြတ်ကာလ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် နေရာအနှံ့အပြား၌ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ စုပေါင်းခရစ္စတ်ပွဲတော်ကို စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲကို ကတ်သလစ်အသင်းတော်မှ ဖာသာများ၊ နှစ်ခြင်း ခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာများက ကျမ်းစာဖတ်ဆုတောင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ခရစ်တော်၏ မွေးနေ့မြတ်မင်္ဂလာလတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုအသင်းအဖွဲ့များနှင့်အတူ ခရစ္စမတ်ပွဲတော်ကို အတူတကွ စုရုံးကျင်းပခွင့်ရရှိသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထို့အပြင် ခရစ်တော်မွေးနေ့မင်္ဂလာရက်မြတ်မှစ၍ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းစသည့် ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာအဖြာဖြာကို ရရှိခံစားကြရပါစေကြောင်းနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အထူးဆု တောင်းပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်စည်းလုံးပြီး တိုးတက်ဖွံ့ဖြိုး၍ သာယာဝပြောသော ပြည်နယ်ဖြစ်လာစေရေးအတွက် ဆုတောင်းခံချက်များကိုတင်ပြပြီး တက်‌ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ဂုဏ်တော်သီချင်းသီဆိုဆက်ကပ်ခြင်း၊ သံစုံချီးမွမ်းခြင်း၊ ဓမ္မဒေသနာတော်နာယူခြင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဇနီးတို့က ဝတ်ပြုဆုတောင်းခြင်းအစီအစဉ်တွင် ဦးဆောင်ပေးကြသော ဖာသာများနှင့် သိက္ခာတော်ရဆရာများအတွက် ခရစ္စမတ်လက်ဆောင်များကိုပေးအပ်ကာ ကောင်းချီးတောင်းခံဆုတောင်းပေးခြင်းဖြင့် ဝတ်ပြုခြင်းအစီအစဉ်ကိုရုပ်သိမ်းလိုက်ကြပြီး ခရစ္စမတ်နေ့လည်စာကို အတူတကွ ရင်းနှီးပျော်ရွှင်စွာသုံးဆောင်ခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ မြစ်ကြီးနားမြို့၌ လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲအကြို လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသည့် မြို့ပေါ်ရှိ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ဖွင့်လှစ်သွားမည့် မဲရုံအမှတ် (၁၁)သို့ သွားရောက်ခဲ့ကြပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်ရွေးကောက်ပွဲ အရာရှိတို့က မဲရုံအဝင်နေရာမှစတင်၍ မဲရုံမှူး၊ မဲရုံဝန်ထမ်းများ၏ လွှတ်တော်မဲဆန္ဒနယ် အလိုက် ပြည်သူများ စနစ်တကျဖြင့် လွတ်လပ်စွာလျို့ဝှက်ဆန္ဒမဲပေးရန်နေရာများတွင် မဲပေးနိုင်ရေးနှင့် မဲပေးပြီးမှင်တို့၍ မဲရုံထွက်ပေါက်နေရာအထိ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်သူများ ဆန္ဒမဲပေးရာတွင် မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်ပေါ် သိရှိနားလည်ပြီး လွတ်လပ်စွာဆန္ဒပြုမဲပေးနိုင်ရေး၊ လွှတ်တော်အသီးသီး၌ မဲပေးနိုင်ရေးကို ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်သည်များကို မေးမြန်းဆွေး‌နွေးကာ ပေါင်းစပ်ဖြည်းဆည်းပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချူပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ယာယီတိမ်းရှောင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံအားပေးရာတွင် ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် အလယ်မော်ဖောင်းကျေးရွာ၊ ကျေးရွာပြည်သူ့ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးကျောင်းများအတွက် ဆန်(၂၄) ပြည် အိတ် (၇၀)အိတ်၊ ဆီပိဿာ ၇၀ ၊ ကြက်ဥများနှင့် ခြုံစောင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကျေးရွာအတွင်းရှိ ရပ်မိ/ ရပ်ဖများက ကျေးရွာခန်းမနှင့် ရွာလယ်လမ်းရေဝတ် နေရာများတွင် ရေနှုတ်မြောင်းတူးဖော်ပေးနိုင်ရေး၊ နယ်မြေအပိုင်းလိုက် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုဇယားရရှိရေးဆိုင်ရာ ကိစ္စရပ်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာလူမှုကူညီရေးအသင်းအဖွဲ့ပိုင် မော်တော်ကားတစ်စီးဝယ်ယူနိုင်ရေးအတွက် လိုအပ်သည့်ငွေကျပ်သိန်း (၇၀)ကို ဖြည့်စွက်ထောက်ပံ့ပေးအပ်ခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ တွေ့ဆုံပွဲတက်ရောက်လာကြသည့် ပြည်သူများအား မုန့်များလိုက်လံဝေငှပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အထက်မော်ဖောင်းကျေးရွာရှိ ထွယ်ဆန်နှစ်ခြင်းခရစ် ယာန်အသင်းတော်ဘုရားကျောင်း၌ ဘသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဆက်လက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စိုက်ပျိုးမွေးမြူရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အားလုံးက မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ရပ်မိရပ်ဖများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရွာတွင်းလမ်းများ ဆောင်ရွက်ပေးနိုင်ရေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘာသာရေးအဖွဲ့အစည်းများအတွက် ဆန်အိတ်၊ ဆီ၊ ကြက်ဥများနှင့် ခြုံစောင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် အဆိုပါအထက်မော်ဖောင်းကျေးရွာအတွင်းရှိ လော်ဝေါ်ယာယီတိမ်းရှောင်စခန်းသို့သွားရောက်ပြီး စခန်းနေအိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အိမ်ထောင်စုများအတွက် ဆန် (၂၄)ပြည်ပါအိတ် (၇၀) အိတ်၊ ဆီပိဿာ (၇၀)၊ ကြက်ဥများနှင့် ခြုံစောင်အထည် (၇၀)တို့ကို ထောက်ပံ့ပေးအပ်ရာ စခန်းတာန်ခံက ထောက်ပံ့ပေးအပ်မှုများနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းပေးခဲ့မှုများအပေါ် ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို ပြန်လည်တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ အားကစားကွင်းအတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သော ခရစ္စမတ် အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ Millionaire Winter Cup ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အရီနာကလပ်အသင်းနှင့် Energy ကလပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)