မြစ်သားမြို့နယ်၌ နေကြာသီးနှံ ၁၈၈၈ ဧကထိ လျာထားစိုက်ပျိုး

မြစ်သား ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ယခုနှစ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းသီးနှံနေကြာ ၁၈၈၈ ဧက လျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ မြစ်သားမြို့နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံရေး ဆီထွက်သီးနှံများဖြစ်‌သော နှမ်း၊ မြေပဲ၊ နေကြာ စသည့်ဆောင်းရာသီဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ကျေးလက်နေတောင်သူများအနေဖြင့် ဆောင်း သီးနှံနေကြာ ၁၈၈၈  ဧက စိုက်ပျိုးခြင်းကို အောက်တိုဘာပထမပတ်က စတင်စိုက်ပျိုးပြီး နေကြာတစ်မျိုးတည်း သီးသန့်တန်းခြား နှစ်ပေ၊ ပင်ကြား ကိုးလက်မဖြင့် စိုက်ပျိုးကြောင်း သိရသည်။

ဆောင်းသီးနှံနေကြာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အထွက်နှုန်းများတိုးတက်စေဖို့နဲ့ အရည်အသွေး ကောင်းမွန်စေဖို့အတွက် ဒေသနဲ့ကိုက်ညီတဲ့မျိုး ကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင်နှင့် နေကြာသီးနှံစိုက်ပျိုးခြင်းကို သီးသန့်စိုက်ပျိုးကြသလို အခြားသီးနှံများနဲ့ရောနှောကာ သီးညှပ်စိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)