သားဖွားသင်တန်းကျောင်း (မန္တလေး) ၌ ဘွဲ့လက်မှတ်အပ်နှင်းပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဒီဇင်ဘာ ၂၃

ဘက်စုံသားဖွားဒီပလိုမာ (၁၁) ကြိမ်မြောက် သင်တန်းသူများအား ဘွဲ့လက်မှတ်အပ်နှင်းပွဲ ဖွင့်ပွဲအခမ်းအနားကို သားဖွားသင်တန်းကျောင်း (မန္တလေး) ၌ ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သားဖွားသင်တန်းကျောင်း (မန္တလေး) မှ ကျောင်းအုပ်ဆရာမကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုမြင့်က သင်တန်းသူများအား နိုင်ငံတော်၏အကျိုးကို ကျေပွန်စွာထမ်းဆောင်ကြစေရန် မှာကြားခဲ့သည်။

ထို့နောက် ဘက်စုံသားဖွားဒီပလိုမာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ဘွဲ့လက်မှတ်အပ်နှင်းပွဲ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)