နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး Naypyitaw State Academy ၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းအခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Naypyitaw State Academy Function Hallခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအပါအဝင် Naypyitaw State Academy တွင်တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများသည် နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန်အသီးသီးကို ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြမည့် လူငယ်များဖြစ်ကြပြီး အတတ်ပညာနှင့် အရာရာဘက်စုံထူးချွန်နေမှသာ နိုင်ငံ၏အနာဂတ်သည် ကောင်းမွန်မှာပဲဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လူငယ်ကဏ္ဍကို အထူးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်ဖိုရမ်-၂၀၂၅ကို တစ်နိုင်ငံလုံးရှိ လူငယ်ကိုယ်စားလှယ်များနှင့် ကျင်းပေးခဲ့သလို လာမည့် ၂၀၂၆ ဇန်နဝါရီတွင်လည်း တိုင်းဒေသကြီး /ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များနှင့် နေပြည်တော်မှ တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားနေသည့် လူငယ်ကိုယ်စားလှယ်များပါဝင်မည့် ငြိမ်းချမ်းရေးလူငယ်မဟာဖိုရမ်ကိုလည်း ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့လူငယ်များကို အထူးဒုက္ခပေးနေသည့်အရာများမှာ Social Net Work နှင့် မူးယစ်ဆေးဝါးကိစ္စများဖြစ်ကြပြီး Social Net Work သည် မှန်ကန်စွာအသုံးပြုလျှင် လွန်စွာအကျိုးရှိသကဲ့သို့ မှန်ကန်စွာအသုံးမချတတ်လျှင်လည်း လူငယ်များအတွက် ဆိုးကျိုးတစ်ခုဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူတွေအနေဖြင့် မိမိဘဝကို တိုးတက်မြင့်မားလာစေရန် လက်ရှိတက္ကသိုလ်ကျောင်သား/ကျောင်းသူဘဝကို တန်ဖိုးထားပြီး သင်ကြားနေသည့် ဘာသာရပ်ကို ဘွဲ့ရယုံမဟုတ်ပဲ ကျယ်ကျယ်ပြန့်ပြန့် လေ့လာရှာဖွေသင်ယူကာ နိုင်ငံတကာဗဟုသုတများ၊ အချိန်နှင့်တပြေးညီဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီသိရှိနေဖို့လိုအပ်ပါကြောင်း ပြောကြားပြီး Naypyitaw State Academy အတွက်ထောက်ပံ့ငွေများနှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုလက်ဆောင်များကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားခဲ့ပြီး Naypyitaw State Academy အတွက်အားကစားပစ္စည်းများကို ပေးအပ်သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ဆွေးနွေးသူလူငယ်များမှ “ယနေ့ခေတ် လူငယ်နှင့် Vape သုံးစွဲမှုအန္တရာယ် " ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးပွဲတွင်ပါဝင်သူများက ပြန်လည်ဖြေကြားပေးခြင်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဌာနဆိုင်ရာအကြီးအကဲများမှ ဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)